International News

ထိုင်း၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ ပို့ကုန်များတိုးမြှင့်တင်ပို့သွားမည်ဟု ဗီယက်နမ်ကုန်သွယ်မှုမြှင့်တင်ရေးဌာနပြောကြား

Last Updated:

ဗီယက်နမ်စီးပွားရေးလုပ်ငန်းများအနေဖြင့် ထိုင်း၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ ပို့ကုန်များတိုးမြှင့်တင်ပို့နိုင်မည့်အခွင့်အလမ်းများစွာရှိကြောင်း၊ ဗီယက်နမ်နိုင်ငံစက်မှုနှင့်ကုန်သွယ်ရေး ဝန်ကြီးဌာနကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနက ပြောကြားသည်။ ဗီယက်နမ်နိုင်ငံအနေဖြင့် ယင်းသို့ အခွင့်အလမ်းကောင်းများရှိရခြင်းအကြောင်းမှာ အဆိုပါနိုင်ငံ(၃)နိုင်ငံသည် နယ်နိမိတ် ခြင်းနီးကပ်လျက်ရှိပြီး လွတ်လပ်စွာကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ်အဖွဲ့ဝင်နိုင်ငံများလည်းဖြစ်ကြောင်း၊ ဗီယက်နမ်ပြည်တွင်းလုပ်ငန်းများအနေဖြင့် ထိုင်းနိုင်ငံနှင့်လာအိုနိုင်ငံတို့ရှိ ဖောက်သည်များ၏ ဝယ်လိုအားကို ပြည့်မှီရန် နည်းပညာဆိုင်ရာ စံချိန်စံညွှန်းပြည့်မှီသော ထုတ်ကုန်များကို တင်ပို့ရန်နှင့် အာဏာပိုင်များထံမှ သွင်းကုန်တင်သွင်းမှုဆိုင်ရာလက်မှတ်များကို ရယူထားရန် လိုအပ်ခြင်းတို့ကို ပို့ကုန်ပံ့ပိုးရေးဗဟိုဌာန၊ ဒုတိယညွှန်ကြားရေးမှူးက ပြောကြားသည်။ ၎င်းတို့အနေဖြင့် ပြုပြင်ထုတ်လုပ်ခြင်းလုပ်ငန်းရပ်များတွင် အဆင့်မြင့်နည်းပညာများ အသုံးချရန်နှင့် ထုတ်ကုန်များ၏ အရည်အသွေးကို စိတ်ချရန်၊ တာရှည်ခံထိန်းသိမ်းနိုင်သော နည်းပညာများကို အသုံးပြုရန် လိုအပ်လျှက်ရှိပါသည်။

ဗီယက်နမ်လုပ်ငန်းများအနေဖြင့် ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများကိုမြှင့်တင်ရန်နှင့် သင့်လျော်သော လုပ်ဖော်ကိုင်ဖက်များကိုရှာဖွေရန်၊ ကုန်စည်ပြပွဲများနှင့် ထုတ်ကုန်ပြပွဲများတွင် ပါဝင်သင့် ပြီး ထိုင်းနိုင်ငံနှင့်လာအိုနိုင်ငံတို့ရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံးများနှင့်လည်း ချိတ်ဆက်သင့်ကြောင်း သို့မှသာ စျေးကွက်နှင့်လုပ်‌ဖော်ကိုင်ဖက် သတင်းအချက်အလက်များကို ရယူနိုင်မည်ဖြစ် သလို အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်ပါက အဆိုပါရုံးများ၏ အကူအညီကို ရယူနိုင်မည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများ အနေဖြင့် “ဗီယက်နမ်ထုတ်ကုန်များက အရည်အသွေးမြင့်မားပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသော စျေးနှုန်းများရှိသည်” ဟူသော အမှတ်တံဆိပ်တစ်ခုကို တည်ဆောက်ရန်လိုကြောင်း အဆိုပါ ကုန်သွယ်မှုမြှင့်တင်ရေးဌာနက ပြောကြားခဲ့သည်။

ဗီယက်နမ်ထုတ်ကုန်များကို လာအိုနိုင်ငံသို့‌ စရိတ်စကသက်သာပြီး မြန်ဆန်စွာ ရောင်းချနိုင်သော အခွင့်အလမ်းကောင်းများရှိသော်လည်း လာအိုနိုင်ငံသို့ တင်ပို့ရောင်းချသော ထုတ်ကုန်များ တွင် လာအိုဘာသာစကားဖြင့် ကုန်အညွှန်းစာသားများ ရေးသား‌‌ဖော်ပြရန်လိုသည်ကို ဗီယက်နမ်လုပ်ငန်းများအနေဖြင့် သတိပြုရမည်ဖြစ်ပြီး ကုန်ပစ္စည်းအတုအပများနှင့် တရုတ်နိုင်ငံမှ စျေးအပေါဆုံးကုန်စည်များနှင့်လည်း စျေးကွက်အတွင်း ယှဉ်ပြိုင်ရခြင်းများရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

မကြာသေးမီနှစ်များအတွင်း ဗီယက်နမ်၊ လာအို နှစ်နိုင်ငံကုန်သွယ်မှုဝင်ငွေမှာ တိုးတက်လာခဲ့ပြီး ကုန်သွယ်မှုတန်ဖိုးသည် ၂၀၁၇ ခုနှစ်က ၈ ရာခိုင်နှုန်းရှိရာက ၂၀၂၁ ခုနှစ်တွင် ၁၃.၆ ရာခိုင်နှုန်းအထိ တိုးတက်လာပြီး အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံရှိကြောင်း လာအိုနိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံးက ဖော်ပြခဲ့သည်။ ၂၀၂၂ ခုနှစ်၊ ပထမဦးဆုံး ၅ လတာ ကာလအတွင်း ကုန်သွယ်မှုတန်ဖိုးမှာ ၂၁ ရာခိုင်နှုန်းတိုး တက်လာပြီး၊ အမေရိကန်ဒေါ်လာ ၇၀၀ သန်း ရှိသည့်အတွက် ၂၀၂၂ အကုန်တွင် တိုးတက်လာမည့် ကုန်သွယ်မှုတန်ဖိုးသည် ၂၀၂၁ ခုနှစ်က တန်ဖိုး နှင့် အတူတူဖြစ်နိုင်သလို ယင်းထက်လည်း ပိုမိုတိုးတက်နိုင်မည်ဟု ခန့်မှန်းထားသည်။

တစ်ချိန်တည်းတွင် ထိုင်းနိုင်ငံစျေးကွက်၌ စားသောက်ကုန်သည် ဝယ်လိုအားများသောကြောင့် ဗီယက်နမ်ပို့ကုန်လုပ်ငန်းရှင်များအတွက် အလားအလာရှိသော ကုန်စည်တစ်ခုဖြစ်သည်။ ထိုင်းနိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံး၏ ဌာနမှူးက ထိုင်းနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံတစ်ခုဖြစ်သည့်အတွက် ဗီယက်နမ်လယ်ယာထွက်ကုန်များသည် ထိုင်းနိုင်ငံ၏ အလားတူ ထုတ်ကုန် များနှင့် စျေးကွက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ထိုင်းနိုင်ငံ၏ စားသောက်ကုန်ကဏ္ဍတွင် တင်းကြပ်သော စံချိန်စံညွှန်းသတ်မှတ် ချက်များရှိသောကြောင့် အလွယ်တကူတင်သွင်းရန် မဖြစ်နိုင်ကြောင်း၊ ဗီယက်နမ်စီးပွားရေးလုပ်ငန်းများအနေဖြင့် အဆိုပါထုတ်ကုန်များနှင့်စျေးကွက်အတွက် အထူးချမှတ်ထားသော မဟာဗျူဟာများ မရှိပါက စျေးကွက်အတွင်းယှဉ်ပြိုင်ရန် ခက်ခဲမည်ဟု ၎င်းက ပြောကြားခဲ့သည်။

တစ်ဖက်တွင်လည်း ဗီယက်နမ်လုပ်ငန်းများသည် စျေးကွက်အခြေအနေကို ဂရုတစိုက် လေ့လာသင့်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ထိုင်းနိုင်ငံရှိ ဖြန့်ချိရေးလမ်းကြောင်းများတွင် မိရိုး ဖလာစျေးကွက်များ၊ စတိုးဆိုင်ငယ်များ၊ စူပါမားကက်များ၊ ဟိုက်ပါမားကက်များပါဝင်ကာ ကွဲပြားခြားနားမှုရှိသည့်အတွက်ဖြစ်သည်။ ဗီယက်နမ်လုပ်ငန်းများအနေဖြင့် သကြားပါဝင်မှု၊ အဆီပါဝင်မှု နည်းပါးသော ကျန်းမာရေး စားသောက်ကုန်များကို ဦးစားပေးရန်လိုပြီး E-commerce Platform များ၌ စျေးဝယ်တတ်သော ထိုင်းဖောက်သည်များ၏ အလေ့အထကို အထူးအလေးပေးရန်လိုကြောင်း ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ် ပထမ ၅ လပတ်အတွင်း ဗီယက်နမ်နှင့်ထိုင်းနိုင်ငံတို့အကြား စုစုပေါင်းကုန်သွယ်မှုဝင်ငွေ အမေရိကန်ဒေါ်လာ ၈.၆၁ ဘီလီယံရှိသည့်အတွက် ယခင်နှစ်ကထက် ၈ ရာခိုင်နှုန်းခန့် တိုးတက်လာသည်။ ထိုင်းနိုင်ငံသည် ယခုအခါ အာဆီယံဒေသတွင်း၌ ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်လာပြီး ၎င်းတို့နှစ်နိုင်ငံလုံးက ၂၀၂၅ ခုနှစ်တွင် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံရောက်ရှိအောင် ရည်ရွယ်လုပ်ဆောင်လျက်ရှိကြသည်။ ဗီယက်နမ်နိုင်ငံသည် ထိုင်းနိုင်ငံသို့ တယ်လီဖုန်းနှင့် အီလက်ထရောနစ်အစိတ်အပိုင်းများ စက်ကိရိ ယာပစ္စည်းများ၊ အပိုပစ္စည်းများ၊ အထည်အလိပ်နှင့် ပင်လယ်စာများကို တင်ပို့လျက်ရှိသည်။

ကမ္ဘောဒီးယားနိုင်ငံသည်လည်း ဗီယက်နမ်စီးပွားရေးလုပ်ငန်းများအတွက် အလားအလာရှိသော စျေးကွက်တစ်ခုဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ၊ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးဌာန၏ ဒုတိယညွှန်ကြားရေးမှူးက ပြောကြားခဲ့သည်။ နှစ်နိုင်ငံစလုံးက ကုန်သွယ်ရေးဆိုင်ရာလုပ်ဆောင်ချက်များအတွက် အခွင့်အလမ်းသာသော အခြေအနေများကို ဖန်တီးပေးနိုင်သည့် ပွင့်လင်းသောမူဝါဒများကို ချမှတ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ သို့သော် ပြည်တွင်းလုပ်ငန်းများအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံသို့ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရန် စျေးကွက်နှင့် ဈေးကွက်ဝေစုများ တိုးလာမည့်အခြေအနေကို ဂရုတစိုက်လေ့လာရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဗီယက်နမ်လုပ်ငန်းအများစုသည် ကမ္ဘောဒီးယားနိုင်ငံသို့ ပို့ကုန်များတင်ပို့ရောင်းချရာတွင် ဗီယက်နမ်နယ်စပ်ဝင်ပေါက်များ၌ အကောက်ခွန်ရှင်းလင်းရာတွင် အခက်အခဲများစွာ ရင်ဆိုင်ရသည် ဟု စိုက်ပျိုးရေးကုမ္ပဏီတစ်ခု၏ ကိုယ်စားလှယ်ဖြစ်သူက ပြောကြားခဲ့ပါသည်။

အဓိကထင်ရှားသော အတားအဆီးများမှာ လုပ်ထုံးလုပ်နည်းများမကြာခဏပြောင်းလဲခြင်းနှင့် အကောက်ခွန်ရှင်းလင်းမှုလုပ်ငန်းများကို နေ့လည် ၁ နာရီမှ ၄ နာရီအတွင်းသာ ဆောင်ရွက်ပေး နေသည့်ကိစ္စဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ အစိုးရစီမံခန့်ခွဲရေးဌာနများအနေဖြင့် အဆိုပါစျေးကွက်သို့ ကုန်စည်များချောမွေ့စွာတင်ပို့ ရောင်းချနိုင်ရန် ဗီယက်နမ်စီးပွားရေးလုပ်ငန်း များကို လုံလောက်သော သတင်းအချက်အလက်များ အချိန်နှင့်တပြေးညီ ပံ့ပိုးပေးရန်လိုကြောင်းနှင့် အလုပ်ချိန်ကို နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ပြောင်းလဲသတ်မှတ်ပေးသင့်ကြောင်း ၎င်းကပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံသို့ ပို့ကုန်တင်ပို့မှုဝင်ငွေ အမေရိကန်ဒေါ်လာ ၄.၈ ဘီလီယံသို့ ရောက်ရှိခဲ့ပြီး ၂၀၂၀ ခုနှစ်ကထက် ၁၅.၇ ရာခိုင်နှုန်းတိုးတက်လာကြောင်း တွေ့ရသည်။ ၂၀၂၂ ခုနှစ် ပထမ ၅ လပတ်အတွင်း ကမ္ဘောဒီးယားပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂.၆ ဘီလီယံရှိသည့်အတွက် လွန်ခဲ့သောနှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ၃၁.၂ ရာခိုင်နှုန်း ကျော် တိုးတက်လာကြောင်း တွေ့ရသည်။ ဗီယက်နမ်နိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံသို့ တင်ပို့လျက်ရှိသော အဓိကပို့ကုန်များမှာ သံနှင့်သံမဏိ၊ ဓာတုနှင့်ပလတ်စတစ်ပစ္စည်းများ၊ စက်ကိရိယာ နှင့်လျှပ်စစ်ပစ္စည်းများ၊ ပြုပြင်ထားသော စားသောက်ကုန်များနှင့် မုန့်မျိုးစုံစသည့် ထုတ်ကုန်များဖြစ်ကြောင်း သိရသည်။

Source: Viet Nam News

ကောင်းထွဋ်အောင် (ကုန်သွယ်/ဖွံ့ဖြိုး)

Category: International News